(၇၆)နှစ်မြောက် ရှမ်းအမျိုးသားနေ့(ရှမ်းပြည်နယ်နေ့) သို့ ပေးပို့သော သဝဏ်လွှာ

Description: 

"၁။ ယနေ့ ကျရောက်သော (၇၆) နှစ်မြောက် ရှမ်းအမျိုးသားနေ့(ရှမ်းပြည်နယ်နေ့)တွင် ရှမ်းပြည်နယ် အတွင်းနှင့် ပြည်ထောင်စုတဝှမ်း နေထိုင်ကြသော ရှမ်းပြည်သူလူထုများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံပါလျက် ဘေးကင်းရန်ကွာ ရှိပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ် ပါသည်။ ၂။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ (၇) ရက်နေ့တွင် ရှမ်းပြည်စော်ဘွားများနှင့် ရှမ်းလူထု၏ စည်းလုံး ညီညွတ်မှုအားကို ဗြိတိသျှအစိုးရမှ မလွန်ဆန်နိုင်ပဲ ရှမ်းပြည်စော်ဘွားများကောင်စီ (ရှမ်းပြည်ကောင်စီ)၏ တောင်းဆိုချက်များကို လိုက်လျောပေးခဲ့ရသည်။ တနည်းအားဖြင့် ဗြိတိသျှ အာဏာပိုင်အစိုးရအား လူထု အားဖြင့် တွန်းလှန်နိုင်ခဲ့ခြင်းပင်ဖြစ်သည်။ ၃။ ထိုနေ့တွင် ဗြိတိသျှအစိုးရမှ ရှမ်းလူထု၏ တောင်းဆိုချက်များကို လိုက်လျောပေးခဲ့ရသည့်အပြင် ဆက်လက်ကျင်းပလျက်ရှိသော ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ (၁၂) နေ့ ပင်လုံညီလာခံတွင် အချက်(၉) ချက်ပါ ပင်လုံစာချုပ်ကို ကချင်၊ချင်း၊ဗမာ၊ရှမ်း လူထုခေါင်းဆောင်များက တညီတညွတ်တည်း သဘောတူ လက်မှတ် ရေးထိုးနိုင်ခဲ့ကြသည်။ ၄။ အဆိုပါနေ့ကို အစွဲပြု၍ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ (၁၁) ရက်နေ့တွင် ကျင်းပသည့် ပင်လုံညီလာခံမှ ရှမ်းအမျိုးသားအလံ၊ ရှမ်းအမျိုးသားသီချင်းများ အပါအဝင် ဖေဖော်ဝါရီလ (၇) ရက်နေ့ကို ရှမ်းအမျိုးသားနေ့ အဖြစ် သတ်မှတ်နိုင်ခဲ့သည်။ လွတ်လပ်ရေး၏ အစဖြစ်သည့် ပင်လုံစာချုပ်ကို သွေးစည်းညီညွတ်စွာဖြင့် ချုပ်ဆိုနိုင်ခဲ့သည့် လမ်းစဖြစ်သကဲ့သို့ ရှမ်းလူထု၏ သမိုင်းမော်ကွန်းဝင် ကြီးမားသောအောင်မြင်မှုလည်း ဖြစ်သည်။ လွတ်လပ်ရေး ရယူရာတွင် အလွန်ထူးကဲ အရေးပါလှသော သမိုင်းမှတ်တိုင်လည်းဖြစ်သည်။ ၅။ ရှမ်းပြည်နယ်နှင့် ရှမ်းလူထုသည် ခေတ်အဆက်ဆက် နိုင်ငံရေးလှိုင်းတံပိုးကြမ်းများကို နှစ်ကာလ များစွာ ဖြတ်သန်းခဲ့ရသည်။ ယနေ့မျက်မှောက် အချိန်အခါတွင်လည်း ရှမ်းပြည်နယ်အပါအဝင် တိုင်းပြည် တဝှမ်းတွင် ဖက်ဆစ်စစ်တပ်၏ ဆိုးသွမ်းယုတ်မာ ရက်စက်မှုများကို ပြည်သူများ ခါးစည်းခံစားနေရဆဲ ဖြစ်သည်။ ၆။ တိုင်းပြည်နှင့် လူထုအား လက်ရှိကြုံတွေ့နေရသော ဆင်းရဲဒုက္ခတွင်းမှ လွတ်မြောက်စေရန် ရှမ်းပြည် နယ်အတွင်းရှိ တော်လှန်ရေး အင်အားစုများနှင့် နိုင်ငံရေးအင်အားစုများသည် တညီတညွတ်တည်း ပေါင်းစည်း ညီညာ၍ စစ်အာဏာရှင်စနစ် အပြီးတိုင်တိုက်ဖျက်ရေး၊ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် တည်ထောင်ရေးဟူသော ပြည်သူလူထု၏ မျှော်မှန်းတောင့်တချက်များကို ကြိုးစားဖြည့်စွမ်း ပေးကြ လိမ့်မည်ဟု ယုံကြည်လျက် ယနေ့ ကျရောက်သော (၇၆) နှစ်မြောက် ရှမ်းအမျိုးသားနေ့ (ရှမ်းပြည်နယ်နေ့) သဝဏ်လွှာကို လေးစားဂုဏ်ယူစွာဖြင့် ပေးပို့အပ်ပါသည်။..."

Source/publisher: 

Ministry of Defence - National Unity Government of Myanmar

Date of Publication: 

2023-02-07

Date of entry: 

2023-02-07

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

270.07 KB

Resource Type: 

text

Text quality: 

    • Good