အီးဒ်ပွဲတော်နေ့ကျင်းပခြင်းနှင့် ပတ်သက်၍ မွတ်စလင်လူထုသို့ မေတ္တာရပ်ခံချက်

Description: 

"မြန်မာစစ်တပ်သည် ဆယ်စုနှစ်ပေါင်းများစွာ တိုင်းရင်းသား လူမျိုးစုများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆိုးရွားစွာ ကျူးလွန်ခဲ့သည့်အပြင် ပြည်တွင်းစစ်များတွင် စစ်ရာဇဝတ်မှုမြောက်သည်အထိ ကျူးလွန်ခဲ့ကြောင်း ကုလသမဂ္ဂနှင့် ပြည်တွင်း၊ ပြည်ပ သုတေသနမှတ်တမ်းများအရ သိရှိရသည်။ ရိုဟင်ဂျာနှင့် မွတ်စလင်များကိုလည်း စစ်တပ်သည် မူဝါဒချမှတ်၍ စနစ်တကျ မဟာဗျူဟာမြောက် နည်းလမ်းများသုံးပြီး Genocide ကို အဆင့်ဆင့်ကျူးလွန်နေကြောင်း BHRN က မှတ်တမ်းတင်ထားသော သုတေသန အချက်အလက်များအရ လည်းကောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန က ထုတ်ပြန်ထားသော မှတ်တမ်းများအရ လည်းကောင်း တွေ့ရှိရသည်။ ၎င်း ရိုဟင်ဂျာနှင့် မွတ်စလင်ဆန့်ကျင်ရေး မူဝါဒများကို အလွယ်တကူ အကောင်အထည်ဖော်နိုင်ရန်နှင့် အဆင့်ဆင့် အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ရန် အစ္စလာမ်မိုဖိုးဘီးယား အစ္စလာမ်ကြောက် ရောဂါကို မြန်မာပြည်သူလူထုကြားသို့ ဆယ်စုနှစ်များစွာကတည်းက ဖြန့်ကျက်ထားသည်။ မွတ်စလင်များသည် တိုင်းပြည်၏အချုပ်အခြာအာဏာကို တိုက်ရိုက်ထိပါးနေသော အန္တရာယ်အဖြစ် လည်းကောင်း၊ အမျိုး၊ ဘာသာ၊ သာသနာကို ဖျက်ဆီးမည့် ဓမ္မန္တရာယ်အဖြစ်လည်းကောင်း၊ အမုန်းစကားများကို နိုင်ငံတဝန်းရှိ ပြည်သူများသို့ နည်းလမ်းပေါင်းစုံ အသုံးပြု၍ လှည်းနေလှေအောင်း၊ မြင်းဇောင်းမကျန် ပျံ့နှံ့စေခဲ့သည်။ မျိုးဆက်နှင့်ချီ၍ ဖြန့်ဝေခဲ့သော အမုန်းတရားများသည် မြန်မာပြည်သူများ၏ ရင်ထဲ၊ အသည်းထဲတွင် စွဲမြဲစွာ ကိန်းအောင်း လာချိန်တွင် အမျိုးမပျောက်စေရန် ကာကွယ်ရန် နည်းလမ်းများဟူ၍ လူထုလှု့ံဆော်မှုများ ပြုလုပ်ခဲ့သည်။ ယင်းနောက် ဘာသာရေးအကြမ်းဖက်မှုများ၊ နယ်မြေရှင်းလင်းရေးများအထိ ပြုလုပ်လာခဲ့ပြီး ယင်းလုပ် ဆောင်ချက်များသည် တိုင်းပြည်လုံခြုံရေးနှင့် အမျိုးဘာသာသာသနာအတွက် ပြုလုပ်ခြင်းဖြစ်၍ တရားကြောင်း ပြည်သူလူထုအား လှည့်စားခဲ့သည်။ အာဏာသိမ်းပြီးနောက် ဖွဲ့စည်းခဲ့သော စစ်ကောင်စီသည် လူထုတော်လှန်ရေးနှင့် ပြည်သူ့ကာကွယ်ရေး လုပ်ငန်းစဉ်များကြောင့် အုပ်ချုပ်ရေးယန္တရား မလည်ပတ်နိုင်ဘဲ ပိုမိုကြပ်တည်းသောအခြေအနေများဖြင့်သာ ရင်ဆိုင်နေရသည်။ နိုင်ငံတကာ အသိအမှတ်ပြုမှုမရှိဘဲ အာဏာသိမ်းအကြမ်းဖက်အဖွဲ့အဖြစ်သာ နိုင်ငံတကာ မျက်နှာစာတွင် သတ်မှတ်ခံထားရသည်။ အရက်စက်အကြမ်းကြုတ်ဆုံးနည်းများသုံး၍ ပြည်သူလူထုအား အကြောက်တရားဖြင့် ထိန်းချုပ်သော်လည်း အများပြည်သူလူထုမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုများကို ပိုမိုထောက်ခံအားပေးနေသောကြောင့် စစ်ကောင်စီမှာ အုပ်ချုပ် ရေးယန္တရားပင် မလည်ပတ်နိုင်ဘဲ ကဏ္ဍအသီးသီးတွင် အထွေထွေအကြပ်အတည်းနှင့် ရင်ဆိုင်နေရသည်။ မြန်မာစစ်တပ်က ၂၀၁၇ ခုနှစ်တွင် ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာလူမျိုးသုန်းသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း အမေရိကန်အစိုးရက ကြေညာခြင်းနှင့် နိုင်ငံတကာက ပိတ်စို့အရေးယူမှုများကြောင့်လည်း စစ်ကောင်စီသည် အဖက်ဖက်မှ ထွက်ပေါက်ပိတ်လာခဲ့သည်။ ထိုသို့သော အခြေအနေတွင် မွတ်စလင်လူထုကို ဥပဒေဘောင်ပြင်ပမှ လုပ်ပိုင်ခွင့်များပေး၍ စစ်ကောင်စီ၏ ယန္တရားများ လည်ပတ်စေရန် လုပ်ဆောင်လာသည်များကိုလည်း ဝမ်းနည်းစွာ တွေ့ရှိရသည်။ ဘာသာရေးလွတ်လပ်ခွင့်နှင့် ကန့်သတ်ထားမှုများ ဖြေလျော့သယောင် သွားလာလှုပ်ရှားမှုများကို ခွင့်ပြုပေးပြီး ဗလီဝတ်ကျောင်းတော်တွင်း ဥပုသ်ကာလ စုပေါင်းဝါဖြေမှုများတွင် စစ်ကောင်စီ တိုင်းမှူးများလာရောက်၍ ဗလီ ဝတ်ကျောင်းတော်ပိုင် စားဖွယ်ပစ္စည်းများကို စစ်ကောင်စီက ၄င်းတို့ အလှုပစ္စည်းများ သွားရောက်ဝေငှသည်ဟု မီဒီယာများတွင် အရှက်မဲ့စွာ လိမ်လည်ဖော်ပြခဲ့သည်။ စစ်ကောင်စီ၏ ယင်းလုပ်ဆောင်ချက်များသည် လူထုအတွင်း ပုံမှန်လည်ပတ်နေသည်ဟု ထင်ယောင်ထင်မှားဖြစ်စေရန် လိမ်လည်လှည့်စားမှု တစ်ရပ်အဖြစ်လည်းကောင်း၊ ပြည်သူတစ်ရပ်လုံးမှ ၎င်းတို့အာဏာသိမ်းမှုအား ဆန့်ကျင်လှုပ်ရှားမှုများ ပြုလုပ်နေချိန် မွတ်စလင်များ ပုံမှန်လည်ပတ်နေသည်ဟု ယုံမှားစေရန် ဖန်တီးလုပ်ဆောင်မှုများအဖြစ် BHRN က ရှုမြင်သည်။ ၂၀၂၀ ခုနှစ်တွင် ကိုဗစ်ကပ်ရောဂါကြောင့် လည်းကောင်း၊ ၂၀၂၁ ခုနှစ်တွင် အာဏာသိမ်း စစ်ကောင်စီ ၏ ရက်စက်ကြမ်းကြုတ်မှုများကြောင့် လည်းကောင်း၊ မြန်မာပြည်သူများမှာ သမိုင်းတလျှောက်တွင် မကြုံခဲ့ဖူး သော ခက်ခဲကြပ်တည်း ကြမ်းတမ်းသော ကာလကို ဖြတ်သန်းခဲ့ရသည်။ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းမှုနောက်ပိုင်းတွင် နိုင်ငံတဝန်း စစ်အာဏာရှင် တော်လှန်ရေး လူထုလှုပ်ရှားမှုများ ပေါ်ပေါက်လာခဲ့ရာ ဒေသအသီးသီးက မွတ်စလင်ကျောင်းသား လူငယ်များသည်လည်း ကဏ္ဍအသီးသီးက ပါဝင်ခဲ့ကြသည်။ ၎င်းတို့သည် မည်သည့် ဘာသာရေး လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း၏ အားပေး လှုံ့ဆော်မှုကြောင့် မဟုတ်ဘဲ စစ်အာဏာရှင်တို့၏ မတရား ရက်စက်ကြမ်းကြုတ် ဖိနှိပ်မှုများကို မိမိတို့၏ နိုင်ငံရေးခံယူချက်အလျောက် အသက်စွန့်၍ တွန်းကန်တော်လှန်ခဲ့ကြသည်၊ တွန်းကန်တော်လှန်နေကြသည်။ ပြည်နယ်နှင့် တိုင်းအသီးသီးရှိ ပြည်သူ့ကာကွယ်ရေး လုပ်ငန်းစဉ်မျာတွင်လည်း တာဝန်ထမ်းဆောင်လျက် ရှိကြောင်း လေ့လာတွေ့ရှိရသည်။ ၂၀၂၂ တွင်လည်း တော်လှန်ရေး မြှင့်တင်လာမှုကြောင့် စစ်ကောင်စီ၏ ရက်စက်သတ်ဖြတ်မှုများကို ပြည်သူများ ကြံ့ကြံ့ခံဆက်လက် ရင်ဆိုင်နေရသည်။ မွတ်စလင် (၆၂) ဦးအပါအဝင် ပြည်သူ(၂၀၂၉)ဦး မတရား သတ်ဖြတ်ခံခဲ့ရပြီး AAPP စာရင်းအရ ပြည်သူပေါင်း (၁၀၂၉၀) ဦးကျော် ဖမ်းဆီးခံထားရသည်။ မြန်မာပြည်အနှံ့ အိုးအိမ်စွန့်ခွာ ပြည်သူလူထုမှာလည်း တစ်သန်းကျော် ရှိနေပြီဖြစ်သည်။ ယခုကဲ့သို့ တိုင်းပြည်အမှောင်အတိ ကျရောက်နေချိန်တွင် လူများစု ဗုဒ္ဓဘာသာဝင်များသည် ၄င်းတို့၏ ၁၂ ရာသီ ပွဲလမ်းသဘင်များကို လည်းကောင်း၊ အထွတ်အမြတ်ထားရာ သင်္ကြန်နှင့် နှစ်သစ်ကူးပွဲလမ်း သဘင်များကိုလည်းကောင်း ကျင်းပခြင်းမပြုလုပ်ကြကြောင်း တွေ့ရသည်။ ခရစ်ယာန်ဘာသာဝင်များ သည်လည်း ခရစ်စမတ်အပါအဝင် မည်သည့်ပွဲလမ်းသဘင်များမှ မကျင်းပဘဲ ဝတ်ပြုဆုတောင်းမှုများသာ ပြုလုပ်ခဲ့သည်။ ဟိန္ဒူနှင့် အခြားသော ကိုးကွယ်ယုံကြည်မှုများသည်လည်း ထိုနည်းလည်းကောင်း ပြုမူခဲ့သည်ကို တွေ့ရသည်။ မကြာခင်ကျရောက်မည့် အီးဒ်ပွဲတော်ကာလတွင်လည်း မွတ်စလင်ပြည်သူများအနေဖြင့် အခြား ဘာသာဝင်ညီနောင်များနှင့်အတူ ညီညွတ်စွာရပ်တည်ပြီး ပွဲလမ်းသဘင်များကို ရှောင်ရှားကာ ဝတ်ပြုဆုတောင်းမှုများကိုသာ ပြုလုပ်ပေးကြပါရန် BHRN က မေတ္တာရပ်ခံအပ်ပါသည်။ အဖွဲ့အစည်းနောက်ခံ +++++++++++ BHRN သည် ၂၀၁၂ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှစတင်ကာ လူနည်းစုများအပေါ် ဖိနှိပ်ခွဲခြား ဆက်ဆံမှုများ၊ လူ့အခွင့်ရေးချိုးဖောက်ခံရမှုများ၊ ဘာသာရေးလွတ်လပ်ခွင့်ဆုံးရှုံးမှုများနှင့် စစ်တပ်၏ ညှင်းပမ်းဖိနှိပ်မှုများကို စောင့်ကြည့်လေ့လာမှတ်တမ်းတင်ခြင်း၊ သုတေသနတွေ့ရှိချက်များကို နိုင်ငံတကာ အစိုးရများနှင့် အဖွဲ့စည်းများထံသို့ တင်ပြပြီး စစ်တပ်ကိုထိရောက်စွာအရေးယူရန် နိုင်ငံတကာအဆင့် လှုပ်ရှားနေသော အဖွဲ့အစည်းတစ်ရပ်ဖြစ်ပါသည်။..."

Source/publisher: 

Burma Human Rights Network

Date of Publication: 

2022-04-25

Date of entry: 

2022-04-25

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

888.11 KB

Resource Type: 

text

Text quality: 

    • Good