ကဆုန်လပြည့်(ဗုဒ္ဓနေ့) အထိမ်းအမှတ် နှုတ်ခွန်းဆက်သဝဏ်လွှာ သာသနာတော်နှစ် ၂၅၆၆ ခုနှစ်

Description: 

"ယနေ့သည် ဗုဒ္ဓဘာသာဝင်များ၏ အလေးအမြတ်ထားရာ နေ့ထူးနေ့မြတ်တရက် ဖြစ်သော ကဆုန်လပြည့်(ဗုဒ္ဓနေ့)ဖြစ်ပါသည်။ ဤမွန်မြတ်သော နေ့ထူးနေ့မြတ် အချိန်အခါ သမယတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံသူ နိုင်ငံသားများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေကြောင်း မေတ္တာပို့သလျက် နှုတ်ခွန်းဆက်သအပ်ပါသည်။ ဘုရားအလောင်းတော်သုမေဓာရှင်ရသေ့ဘဝ ဗျာဒိတ်ခံယူခြင်း၊ အလောင်းတော်ဖွားမြင်ခြင်း၊ သဗ္ဗေညုတဉာဏ်တော်ကိုရရှိခြင်း၊ ပရိနိဗ္ဗာန်စံဝင်တော်မူခြင်းဟူသော အဖြစ်လေးခုသည် ကဆုန်လပြည့်တွင်သာ တိုက်ဆိုင်စွာဖြစ်ပေါ်ခဲ့ခြင်းကြောင့် အလွန်ထူးခြားသော နေ့ထူးနေ့မြတ် တရက်ဖြစ်ပါသည်။ သာသနာတော်သက္ကရာဇ် ၂၅၆၅ခုနှစ်မှ ၂၅၆၆ ခုနှစ်သို့ ကူးပြောင်း ရောက်ရှိချိန်လည်းဖြစ်ပါသည်။ မြတ်စွာဘုရားရှင်သည် ကဆုန်လပြည့်နေ့ ဗုဒ္ဓဟူးနေ့တွင် သဗ္ဗေညုတ ဉာဏ်တော်ကို ရရှိချိန်မှစ၍ ၄၅ ဝါကာလပတ်လုံး အယုတ်၊ အလတ်၊ အမြတ် ဟူ၍ မခွဲခြားဘဲ လောကကို ကောင်းစွာအလှဆင်နိုင်သူများဖြစ်ကြစေရန် ရည်သန်လျက် ဟောဖော် ညွှန်ကြားအပ်သော မြတ်တရားများကြောင့် ဓမ္မနှင့် အဓမ္မ၊ ကုသိုလ်နှင့် အကုသိုလ် ဝေဖန်ပိုင်းခြား သိရှိကြရသည့်အပြင် လိုက်နာကျင့်ကြံအပ်သော တရားဓမ္မများ၊ နိဗ္ဗာန်ရောက်ကြောင်း သစ္စာလေးပါး မြတ်တရားများကို ဟောဖော်ညွှန်ပြ ဆုံးမတော်မူခဲ့ပါသည်။ ယခုအခါမြန်မာနိုင်ငံသူနိုင်ငံသားများအနေဖြင့် ဓမ္မနှင့်အဓမ္မကိုဝေဖန်မပိုင်းခြား တတ်သော လူတစုကြောင့် ဆင်းရဲဒုက္ခများခံစားခဲ့ကြရသည်မှာ တနှစ်ကျော်ကာလ ကြာခဲ့ပြီဖြစ်ပါသည်၊ သို့ရာတွင်အဓမ္မတရားများကိုရှောင်ရှားပြီး ဓမ္မတရားကိုသာလိုက်နာကျင့် သုံးသင့်ကြောင်း မြတ်ဗုဒ္ဓ၏ မိန့်ကြားချက်အတိုင်း ဓမ္မနှင့် အဓမ္မကို ကောင်းမွန်စွာ ဝေဖန်ပိုင်းခြားနိုင်သော နိုင်ငံသူနိုင်ငံသားများ၏ စည်းလုံးညီညွတ်မှုကြောင့် ယခုဆင်နွှဲနေသော နွေဦးတော်လှန်ရေးသည် မုချဧကန် အောင်မြင်မည်ဖြစ်ပါသည်။ နွေဦးတော်လှန်ရေးတွင်ပါဝင်ရင်း အသက်ပေးလှူသွားကြသော မြန်မာနိုင်ငံသူ နိုင်ငံသား အပေါင်း မြင့်မြတ်ရာ ဘုံဘဝတွင်ရောက်ရှိခံစားနိုင်ပါစေကြောင်း မျှော်ရည်လျက် အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတွင်လည်း တိုင်းရင်းသားညီအကို မောင်နှမများ အားလုံး အားသွန်ခွန်စိုက် အတူအကွ ထုဆစ်ပုံဖော်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း ဤနှုတ်ခွန်းဆက်သဝဏ်လွှာကို ပေးပို့အပ်ပါသည်။..."

Source/publisher: 

National Unity Government of Myanmar

Date of Publication: 

2022-05-14

Date of entry: 

2022-05-14

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

358.9 KB

Resource Type: 

text

Text quality: 

    • Good