(၇၆) နှစ်မြောက် ရှမ်းပြည်နယ်နေ့သို့ ပေးပို့သည့်သဝဏ်လွှာ

Description: 

"၁။ ယနေ့ကျရောက်သော ရှမ်းတိုင်းရင်းသားတို့၏ (၇၆) နှစ်မြောက် ရှမ်းပြည်နယ်နေ့ အချိန် အခါသမယတွင် ရှမ်းတိုင်းရင်းသားများနှင့်တကွ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး စစ်အာဏာရှင် စနစ် ချုပ်ငြိမ်းကွယ်ပျောက်ပြီး ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံသစ်ကို အမြန်ဆုံး ပိုင်ဆိုင်နိုင်ကြပါ စေကြောင်း ဆုတောင်း မေတ္တာပို့သအပ်ပါသည်။ ၂။ ရှမ်းပြည်နယ်သည် ရေမြေတောတောင်သာယာပြီး ရာသီဥတုမျှတ၍ သဘာဝ အလှများ နှင့် ပြည့်စုံကြွယ်ဝသော ဒေသတစ်ခုဖြစ်ပြီး ပြည်နယ်အတွင်း ရှမ်းလူမျိုးများအပြင် ကချင် ၊ ကရင်၊ ကယား ၊ ပအိုဝ်း ၊ လားဟူ ၊ အခါ ၊ ပလောင် ၊ ဓနု ၊ အင်းသားအစရှိသည့် အခြားလူမျိုးစု တိုင်းရင်းသား များ အတူတကွ ပူးပေါင်းနေထိုင်ကြကာ ထူးခြားသည့် ဝိသေသလက္ခဏာပိုင်ဆိုင်ထားသော ပြည်နယ်တစ်ခုဖြစ်ပါသည်။ ၃။ ဒုတိယကမ္ဘာစစ်အပြီးတွင် အမျိုးသားခေါင်းဆောင်ကြီးများ၏ ဦးဆောင်မှုဖြင့် မြန်မာ့ လွတ်လပ်ရေးအတွက် တစ်မျိုးသားလုံး သွေးစည်းညီညွတ်စွာ ကြိုးပမ်းခဲ့ကြပါသည်။ လွတ်လပ်ရေး ပေးရာတွင် တောင်တန်းဒေသများကို ချန်လှပ်ထားရန် ကိုလိုနီနယ်ချဲ့တို့၏ ကြိုးစားမှုများကို လက်မခံဘဲ ဗိုလ်ချုပ်အောင်ဆန်းနှင့် ရှမ်း၊ ကချင်၊ ချင်း တိုင်းရင်းသားခေါင်းဆောင်များသည် ပြည်မနှင့်အတူပူးပေါင်း၍ လွတ်လပ်ရေးရယူမည်ဟူသော သဘောတူဆုံးဖြတ်ချက်ကို ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီ လ ၇ ရက်နေ့တွင် ချမှတ်နိုင်ခဲ့ပါသည်။ ထိုသို့ တောင်တန်း၊ ပြည်မ မခွဲခြားဘဲ မြန်မာတစ်နိုင်ငံလုံး လွတ်လပ်ရေးကို အတူတကွ ရယူရန် ဆုံးဖြတ်နိုင်ခဲ့သော ဖေဖော်ဝါရီ လ ၇ ရက် နေ့ကို ဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်နေ့အဖြစ် သတ်မှတ်ခဲ့ပါသည်။ ရှမ်းပြည်နယ်နေ့သည် မြန်မာပြည်လွတ်လပ်ရေးနှင့်တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ရရှိစေသော၊ ၁၉၄၇ ခုနှစ် သမိုင်းဝင်ပင်လုံညီလာခံကာလအတွင်း ပေါ်ပေါက်ခဲ့သောနေ့တစ်နေ့ဖြစ်ကြောင်း မှတ်ယူနိုင်ပြီး ရှမ်းပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားများ ကျင်းပလာခဲ့သည်မှာ ယနေ့တွင် (၇၆) နှစ် မြောက်တိုင်ခဲ့ပြီ ဖြစ်ပါသည်။ ၄။ နှစ်ပေါင်း (၇၀) ကျော်ကြာ စစ်အာဏာရှင်လက်အောက်တွင် မိမိတို့နိုင်ငံသည် တိုင်းရင်းသားပြည်သူများ၏ အခွင့်အရေးများစွာကို လက်လွှတ်ဆုံးရှုံးခဲ့ရပါသည်။ အနာဂတ်တွင် နိုင်ငံသားတိုင်း ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်လွတ်လပ်ခွင့်၊ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့်၊ တန်းတူညီမျှခွင့်၊ မိမိတို့ယုံကြည်ချက်ကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်စသည့် မွေးရာပါ အခွင့်အရေးများ ရရှိစေပြီး အတိတ်စနစ်ဆိုးအောက်၌ ပြည်သူများ၏ အသက်သွေးချွေး ပေးဆပ်ခဲ့ရမှုများအတွက် အကောင်းဆုံးကုစားပေးနိုင်မည့် ခေတ်တစ်ခေတ်ကို ထူထောင် ပေးရန်မှာ မိမိတို့အားလုံး၏ သမိုင်းပေးတာဝန်တစ်ရပ် ဖြစ်ပါသည်။ ၅။ စစ်အာဏာရှင်ခေတ်အဆက်ဆက်၊ တိုက်ပွဲအဆက်ဆက်၊ အရေးတော်ပုံ အဆက်ဆက်တွင် တိုင်းပြည်နှင့်လူမျိုးအတွက် စွန့်လွှတ်စွန့်စားကာ ပေးဆပ်အနစ် နာခံခဲ့ကြသည့် ရှမ်းတိုင်းရင်းသား များ၏ ပင်လုံစိတ်ဓာတ်ကို အခြေခံကာ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံသစ်တည်ဆောက်ရေးဟူသည့် ဘုံရည်မှန်းချက်ကို လက်တွေ့ကျကျ အတူတကွ ပုံဖော်တည်ဆောက်၍ ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သန္နိဋ္ဌာန်ပြုလျက် ဤ (၇၆) နှစ်မြောက် ရှမ်းပြည်နယ်နေ့ သဝဏ်လွှာအား လေးစားစွာ ပေးပို့အပ်ပါသည်။..."

Source/publisher: 

Committee Representing Pyidaungsu Hluttaw

Date of Publication: 

2023-02-07

Date of entry: 

2023-02-07

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

296.8 KB

Resource Type: 

text

Text quality: 

    • Good