နိုင်ငံတကာနှစ်သစ်ကူးနေ့သို့ ပေးပို့သည့် သဝဏ်လွှာ

Description: 

"၁။ ယနေ့အချိန်အခါသမယတွင် ကျရောက်သည့် ၂၀၂၁ ခုနှစ်၏ နှစ်တစ်နှစ်တာ ကုန်ဆုံးပြီး ၂၀၂၂ ခုနှစ် နှစ်သစ်သို့ ကူးပြောင်းသည့် နိုင်ငံတကာနှစ်သစ်ကူးနေ့တွင် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ အရပ်ရပ်ရှိ ပြည်သူအားလုံးတို့အတွက် ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေး၍ ပျော်ရွှင်ပြီး အဓိပ္ပါယ် ပြည့်ဝသော နှစ်သစ်ကူးအချိန်အခါသမယဖြစ်ပါစေကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီအနေဖြင့် ဆုမွန်ကောင်းတောင်းအပ်ပါသည်။ ၂။ နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းသည့် အချိန်ကာလတွင် မိမိတို့ နိုင်ငံ၌ စစ်အာဏာရှင် စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးနှင့် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရေး ကြိုးပမ်းမှုများ၏ အားနည်းချက်၊ အားသာချက်များကို ပြန်လည်သုံးသပ်ပြီး နှစ်သစ်တွင် အတွေးသစ်၊ နည်းလမ်းသစ်များဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေး ပြည်သူတစ်ရပ်လုံးနှင့်အတူ မိမိတို့ တော်လှန်ရေးအင်အားစုအားလုံးက လက်တွဲညီစွာ ပြင်ဆင်ဆောင်ရွက်သွားကြရမည် ဖြစ်ပါသည်။ ၃။ လွန်ခဲ့သော နှစ်အနည်းငယ်၌ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် ပြည်သူ့အစိုးရလက်ထက်တွင် မြန်မာ့ဒီမိုကရေစီခရီးလမ်း ပိုမိုဖြောင့်တန်းစွာ လျှောက်လှမ်းနိုင်ရေး ပြည်သူတစ်ရပ်လုံးက အစိုးရနှင့်အတူ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ခဲ့ကြပါသည်။ အတူတကွ ကြိုးပမ်း တည်ဆောက်ခဲ့ကြသည့် ဒီမိုကရေစီအသီးအပွင့်များ မညှိုးနွမ်းသွားစေရန် COVID-19 ကမ္ဘာ့ကပ် ရောဂါကူးစက်မှုကို ကာကွယ်နိုင်ရေးနှင့် နိုင်ငံအတွင်း၌ လူမှုစီးပွားထိခိုက်မှုများ လျှော့ချနိုင်ရေး ပြည်သူတစ်ရပ်လုံးက ပူးပေါင်းပါဝင်ပေးခဲ့သည့်အပြင် အခက်အခဲ၊ စိန်ခေါ်မှုများကြားမှ အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည့် ရွေးကောက်ပွဲတွင်လည်း တစ်ခဲနက် ထောက်ခံဆန္ဒမဲပေးခဲ့ကြပါသည်။ ၄။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အကြမ်းဖက်စစ်အုပ်စုက နိုင်ငံတော်၏ အာဏာကို လုယူခဲ့ခြင်းကြောင့် ရရှိပြီးခဲ့သည့် ဒီမိုကရေစီအကျိုးကျေးဇူးများကို ကာကွယ်ရန် ပြည်သူ တစ်ရပ်လုံးက စစ်တပ်မှ အာဏာသိမ်းမှုကို လက်မခံဘဲ ညီညီညွတ်ညွတ် ဆန့်ကျင်ကန့်ကွက်ခဲ့ သော်လည်း စစ်ကောင်စီက ၎င်းတို့ အာဏာတည်မြဲရေး နိုင်ငံတစ်ဝှမ်း၌ လူမဆန်သော ဖိနှိပ်မှုများ၊ အကြမ်းဖက်မှုများနှင့် လူသားမျိုးနွယ်ပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ရည်ရွယ်ချက်ရှိရှိ စနစ်တကျ လုပ်ဆောင်လျက်ရှိပါသည်။ ၅။ သို့သော် အာဏာသိမ်းခြင်း ၁၁ လကျော်ကြာမြင့်သည့်တိုင် အကြမ်းဖက်စစ်ကောင်စီအား အုပ်ချုပ်ခွင့်မပေးဘဲ နည်းလမ်းမျိုးစုံဖြင့် ဆန့်ကျင်တော်လှန်နေမှုများသည် စစ်ကောင်စီက နည်းလမ်း အမျိုးမျိုးဖြင့် သွေးခွဲနေသော်လည်း မြန်မာနိုင်ငံ၌ စစ်အာဏာရှင်အပြီးတိုင် ကျရှုံးရေး ဘုံရည်မှန်းချက်ကို အခြေခံသော ၂၀၂၁ ခုနှစ်ကာလအတွင်း မိမိတို့ ကြိုးပမ်းတည်ဆောက်ထားသည့် စည်းလုံး ညီညွတ်မှု၊ အပြန်အလှန် နားလည်ယုံကြည်မှုနှင့် မတူကွဲပြားမှုများမှတဆင့် အကျိုးရလဒ် ဖန်တီးနိုင်မှုတို့ကြောင့်ပင် ဖြစ်ပါသည်။ ၆။ ၁၉၈၈ ခုနှစ်မှစ၍ အသက်ပေါင်းများစွာ စတေးပြီး ရယူခဲ့ရသည့် ဒီမိုကရေစီကို ကာကွယ်ရန် အခက်အခဲနှင့် လိုအပ်ချက်များစွာ ရှိသည့်တိုင် ရရာနည်းလမ်းများဖြင့် ဆန့်ကျင်တော်လှန်နေကြသည့် တော်လှန်ရေးအင်အားစုများဖြစ်သော ပြည်တွင်းပြည်ပရှိ လူငယ်၊ အမျိုးသမီး၊ တိုင်းရင်းသား အဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများ၏ ကြိုးပမ်းဆောင်ရွက်မှုများနှင့် ကူညီပံ့ပိုးပေးကြသည့် နိုင်ငံ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် တန်ဖိုးထားပြီး ကျေးဇူးတင်ပါကြောင်း ဖော်ပြအပ်ပါသည်။ ၇။ ယခုကဲ့သို့ နှစ်ဟောင်းမှ ကူးပြောင်းသည့် နှစ်သစ်တွင် ပြည်သူတစ်ရပ်လုံးက လိုလား တောင့်တနေသည့် အာဏာရှင်စစ်အုပ်စု အပြီးတိုင် ကျရှုံးပြီး အ‌ရောင်အသွေးစုံလင်သည့် လူမျိုးစု အားလုံးအတွက် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် အမြန်တည်ဆောက်နိုင်ရေး အတူ တကွ ဆက်လက်ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြပါစို့ဟု တိုက်တွန်းရင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီအနေဖြင့် ဤနှစ်သစ်ကူးသဝဏ်လွှာအား ပေးပို့အပ်ပါသည်။..."

Source/publisher: 

Committee Representing Pyidaungsu Hluttaw

Date of Publication: 

2021-12-31

Date of entry: 

2021-12-31

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

350.63 KB

Resource Type: 

text

Text quality: 

    • Good